Pages

Subscribe:

Monday, January 23, 2012

စိုင်းထီးဆိုင်၏ ပုံတူကောက်ကြောင်း


စိုင်းခမ်းလိတ်၏ အမှာ
သူချစ်မြတ်နိုးတဲ့၊သူ့ကို နာမည်ကြီးစေခဲ့တဲ့၊ သူ့ကို ကမ္ဘာ့နိုင်ငံအရပ်ရပ်ဆီကို ပို့ပေးခဲ့တဲ့၊ သူ့ကို တွေ့တဲ့ ပရိသတ်တိုင်းကိုလည်း သူ့ဘက်ပါအောင် ဆွဲဆောင်နိုင်စေခဲ့တဲ့ သီချင်းတွေနဲ့ ကွယ်လွန်တဲ့အချိန်ထိ အတူ ရှိနေခဲ့ပါတယ်။

ဘယ်လောက် ကောင်းလိုက်တဲ့ ကံလဲ။

ဒီကံတွေကြောင့်ပဲ လက်တွဲဖော် (ဒေါ်) ခင်သန်းစိုး၊သားကြီး စိုင်းခိုင်ခမ်း၊ သမီးလတ် နန်းစံဟွမ်နဲ့ အထွေးဆုံး နန်းယုခေါင်တို့နဲ့ ပျော်ရွှင်စရာ ကောင်းတဲ့ မိသားစုကမ္ဘာလေး တည်ဆောက်မိသည်ပင်။

ဒါ့ထက် မကသေး…။သူငယ်ချင်းလည်း ဟုတ်၊အစ်ကိုလည်း ဟုတ်၊ ဆရာလည်း ခေါ်နိုင်၊ ရောင်းရင်း သေဖော်ရှင်ဖော်လို့ဆိုလည်း မမှားတဲ့၊ သူ သီဆိုခဲ့တဲ့ သီချင်းခပ်များများကို ရေးစပ်ပေးခဲ့တဲ့ တေးရေး "စိုင်းခမ်းလိတ်"နဲ့ ဆုံခဲ့ရတာလည်း သူ့ ကံ ကောင်းခြင်း တစ်ခုပါပဲ။


မှတ်မိသေးတယ်…စဆုံတဲ့နေ့ကို။ ၁၉၆၉ ခု တောင်ကြီးမြို့မှာ ကျင်းပခဲ့တဲ့ ရှမ်းစာပေ ညီလာခံပွဲကြီးအပြီး နောက်တစ်ရက်မှာပေါ့။ တွေ့တဲ့ခါကျ သူက မှတ်မှတ်ရရ "ဆန်ဖရန်စစ္စကို" သီချင်းကို ဆိုပြပါတယ်။ အဲဒီတုန်းက အနောက်နိုင်ငံမှာ နာမည်ကြီးနေတဲ့ သီချင်းတစ်ပုဒ်ပေါ့လေ။ကျွန်တော်ကတော့ ကိုယ်ပိုင်သံစဉ် ရှမ်းသီချင်းတွေကို ပြန်ဆိုပြပါတယ်။ပြီးတော့ သီချင်း စပ်ဆိုဖို့ပါ အကြံပေးလိုက်ပါတယ်။နောက် ၁၉၇၀ ပြည့်နှစ်အလွန်မှာ "စိုင်းထီးဆိုင်" မန္တလေးတက္ကသိုလ်ကို ရောက်လာတော့ အားလုံး ပေါင်းမိသွားတာပေါ့။

မန္တလေးမှာ စိုင်းထီးဆိုင်၊ စောသိန်းဝင်း၊ ခွန်မျိုးလွင်စတဲ့ သူတွေ အပါအ၀င် စိုင်းခမ်းလိတ်က "The Outsider" ဆိုပြီး တီးဝိုင်း တစ်ဖွဲ့ လုပ်ခဲ့ပါတယ်။ တောင်ကြီးမှာကျ စောဂျော်နီ၊ စောဂျက်ဆင်နဲ့ ကျွန်တော့်ညီ "စိုင်းခမ်းသီ" တို့ပေါင်းပြီး ‘ The Highlanders’ ဆိုပြီး တီးဝိုင်း ဖွဲ့ခဲ့ပါတယ်။သီချင်း အပီအပြင် သွင်းတော့မယ် လုပ်တော့ အဖွဲ့နှစ်ခုပေါင်းပြီး နာမည်သစ်နဲ့မှ ဖြစ်တော့မှာကိုး။
ဒါကြောင့် ကျွန်တော် တောင်ကြီးကို တက်ပြီး ကျွန်တော့် အစ်ကို "စိုင်းတုံခမ်း" ရဲ့ ထောက်ခံချက်နဲ့ "The Wild Ones" ဆိုပြီး စတင် မှည့်ခေါ်ခဲ့တာပါ။

ရေးသူရော၊ ဆိုသူရော၊ တီးကြသူတွေပါ အားလုံးကိုယ်စီ ဥာဏ်နဲ့ ၀ီရိယ စိုက်ထုတ် ကြိုးစားခဲ့ကြလို့အောင်မြင်ခဲ့တာပါ။ အားလုံးကိုလည်း ကျေးဇူးတင်လျက်ပါပဲ။ နောက်ပြီး ကျွန်တော်တို့ရဲ့ အဆိုတော် "စိုင်းထီးဆိုင်" မှာ "စန်း" ဆိုတဲ့ မရှိမဖြစ်အရာ ရှိနေတာလည်း အကြောင်းတရားတစ်ခုပါပဲ။

အသေးစိတ် အကြောင်းအရာတွေကိုတော့ စာရေးဆရာ ကိုနိုင်ဇော် ရေးသားထားတဲ့ "ညဉ့်ရဲ့ အချိန်မှာ မျှော်မျှော်ကာစောင့်တဲ့ အလင်းရောင် ထူးခြား တောက်ပလို့" အမည်ပေးထားတဲ့ "စိုင်းထီးဆိုင်အကြောင်း" စာအုပ်မှာ အားလုံး ပါဝင်မှာပါ။ ဆက်လက် ဖတ်ရှုခံစားပြီး နှစ်သက်ပျော်ရွှင်နိုင်ပါစေလို့ ဆုတောင်းရင်း…။

အားလုံးကို လေးစားတဲ့
စိုင်းခမ်းလိတ်

From: ။http://mmcybermedia.com/community/index.php?topic=41004.0

0 comments:

Post a Comment

 

လာရောက်အားပေးသောသူငယ်ချင်းများ ကိုယ်စိတ်နှစ်ဖြာ ကျန်းမာချမ်းသာကြပါစေ